Saturday, April 25, 2015

သင်ခန်းစာ ၅။ ဥပုသ်၏သခင်၊ ယေရှု (Text)

အလွတ်ကျမ်းချက်
"ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။
လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။"
 (မာကု ၂း၂၇၊၂၈)။


ရှင်လုကာသည် ဂျူးလူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားများ
အတွက် အများအားဖြင့် သူ၏ခရစ်ဝင်ကျမ်းကိုရေးခဲ့သည်။ သို့သော်၊ သူသည်
ဥပုသ်နေ့အကြောင်း မကြာခဏပြောဆိုသည်ကို တွေ့မြင်ရန်အရေးကြီးသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဥပုသ်အကြောင်း (၁၇) ကြိမ်နှင့် တမန်တော်
ဝတ္ထုတွင် (၉) ကြိမ်ဖော်ပြထားသည်ကို တွေ့ရ၏။ ဥပုသ်နေ့အကြောင်း
ခရစ်ဝင်ကျမ်း (၄) ကျမ်းနှင့် တမန်တော်ဝတ္ထုတွင် အကြိမ်ပေါင်း (၅၄)
ကြိမ် ဖော်ပြသည်ကိုတွေ့ရ၏။ မဿဲတွင် ၉၊ မာကုတွင် ၁၀၊ ယောဟန်
တွင် ၉ အသီးသီးဖော်ပြထားသည်ကို တွေ့ရ၏။ ယုံကြည်သူတစ်ပါး
အမျိုးသားတစ်ဦးအနေဖြင့်၊ ရှင်လုကာသည် သတ္တမနေ့ဥပုသ်သည် ဂျူးနှင့်
တစ်ပါးအမျိုးသားတို့အတွက်ဖြစ်သည်ကို သူယုံကြည်သည်။ ခရစ်တော်
ပထမအကြိမ်ကြွလာတော်မူခြင်းသည် ဥပုသ်စောင့်ခြင်း၌ ကွဲပြားခြားနား
ခြင်းမရှိ။

"]လောက၌အမှုတော်ထမ်းဆောင်စဉ်ကာလ၊ ခရစ်တော်သည် ဥပုသ်
နေ့ကိုရိုသေစွာပြု၏။ သူ၏သွန်သင်သမျှအရာခပ်သိမ်းတို့၌၊ သူကိုယ်တိုင်
ပေးခဲ့သည့်ဥပုသ်နေ့ကို လေးနက်စွာလေးစားသမှုပြုသည်ကို တွေ့ရ၏။
ခရစ်တော်သက်တော်ထင်ရှားစဉ်ချိန်၌ ဥပုသ်နေ့သည် အကွေ့အကောက်
အလိမ်အကျစ်အလွန်များသဖြင့် ဥပုသ်စောင့်ခြင်းသည် ဘုရားရှင်၏စရိုက်
ကိုပြမည့်အစား လူတို့၏တစ်ကိုယ်ကောင်းဆန်မှုကိုသာပြသည်။ ခရစ်တော်
ကို မှားယွင်းသောပုရောဖက်ဟု ကြိုးစားလုပ်ဆောင်ပြောဆိုသော ဘာသာရေး
ခေါင်းဆောင်တို့၏မှားယွင်းသောသွန်သင်ချက်တို့ကို ခရစ်တော်သည် ပြန်လည်
မှန်ကန်အောင် ပြုပြင်ပေးသည်။" E. G. White, Prophets and Kings, p. 183.

ယခုအပတ်သင်ခန်းစာသည် သခင်ယေရှုခရစ်သည် ဥပုသ်နေ့၏
သခင်အဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့လိုက်လျှောက်ရန် သူဘယ်ကဲ့သို့
စောင့်ရှောက်သည်ကိုလည်းကောင်း၊ လေ့လာမည်ဖြစ်သည်။ ရက်သတ္တတစ်ပတ်
၏ပထမနေ့ရက် (တနင်္ဂနွေနေ့) သည် ဥပုသ်နေ့အဖြစ် ဓမ္မသစ်ကျမ်း၌
သော်လည်းကောင်း၊ ခရစ်တော်ထံမှသော်လည်းကောင်း ထောက်ခံချက်
မရှိပါ။

တနင်္ဂနွေ ဧပြီ ၂၆
ထုံးစံတော်ရှိသည်အတိုင်း (လုကာ ၄း၁၆-၃၀။ ဟေရှာ ၆၁း၁၊၂)။


"ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာ
ကိုဖတ်ရွတ်ခြင်းငှာ ထတော်မူ၏" (လုကာ ၄း၁၆)။ ကောင်းသည့် Adventist
ကျမ်းပိုဒ်ဖြစ်သည်။ သခင်ယေရှုသည် ဥပုသ်နေ့ကိုစောင့်သည့်ထုံးစံကို၊
ကျမ်းစာသင်ရာ၌လည်းကောင်း၊ ဓမ္မတရားဟောပြောပွဲများ၌လည်းကောင်း
ပြသရန်အသုံးပြုသည့်ကျမ်းပိုဒ်ဖြစ်သည်။

တရားဇရပ်သည် ဂျူးလူမျိုးတို့၏ဘာသာရေးအသက်တာ၌ အရေးကြီး
သည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ ဗိမာန်တော်ပျက်စီးပြီး ဂျူးလူမျိုးတို့
ဗာဗုလုန်နိုင်ငံ၌ ကျွန်သပေါက်အဖြစ်ရှိနေစဉ်အချိန်၌ တရားဇရပ်သည်
အရေးပါလာသည်။ လူငယ်များစာသင်ရန်အတွက်လည်ကောင်း၊ ဝတ်ပြု
ကိုးကွယ်ရန်အတွက်လည်းကောင်း တရားဇရပ်များကို ဆောက်လုပ်ထား
သည်။ ဂျူးအိမ်ထောင်စုဆယ်စုရှိသော်၊ တရားဇရပ်တစ်ခုဆောက်လုပ်နိုင်
သည်။ နာဇရက်မြို့၌ သခင်ယေရှုသည် ကြီးပြင်းလာခဲ့သည်ဖြစ်ရာ၊ ဥပုသ်
နေ့တိုင်းတရားဇရပ်သို့သွားရန် "ထုံးစံ" အတိုင်း လိုက်လျှောက်ခဲ့သည်။
ယခုသူသည် ပထမအကြိမ် သူ၏မြို့သို့ခရီးရောက်စဉ်ချိန်၌၊ ဥပုသ်နေ့၌
သူသည် တရားဇရပ်၌ရှိနေသည်ကိုတွေ့ရ၏။

(မာကု ၁း၂၁။ မာကု ၆း၂။ လုကာ ၄း၁၆-၃၀။ လုကာ ၆း၆-
၁၁။ လုကာ ၁၃း၁၀-၁၆ နှင့် လုကာ ၁၄း၁-၅) ကိုဖတ်ပါ။ ဤကျမ်းပိုဒ်
များသည် ခရစ်တော်နှင့်ဥပုသ်အကြောင်း ဘယ်ကဲ့သို့ကျွန်ုပ်တို့အား သွန်သင်
ပြသသနည်း။ သင်ဖတ်နေစဉ် သင့်ကိုယ်ကိုပြန်မေးပါ။ သခင်ယေရှုသည်
ဥပုသ်စောင့်ခြင်း၏တာဝန်များကို ဖယ်ရှားသည်။ ဥပမာများတွေ့ရှိရပါသလား၊
(သို့မဟုတ်) အခြားသောနေ့ရက်ဖြင့် အစားထိုးသည်ကိုတွေ့ရှိပါသလား။
"ထုံးစံတော်ရှိသည်အတိုင်း......" (လုကာ ၄း၁၆)။ လုကာသာလျှင်
ဤစကားရပ်ကိုအသုံးပြုသည်။ လုကာ ၄း၁၆ ၌ သခင်ယေရှုသည် နာဇရက်
မြို့ရှိ တရားဇရပ်သို့တက်ရောက်သည်ကို တွေ့ရ၏။ (လုကာ ၂၂း၃၉)
တွင် ကပ်တိုင်သည် နီးကပ်ပြီဖြစ်၍ သခင်ယေရှုသည်.......အလေ့တော်
ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ ကြွတော်မူ၍....." နှစ်ကြိမ်စလုံး၌၊
"အလေ့၊ ထုံးစံ" ဆိုသည်မှာ၊ ဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်းကို ဆိုလို
ခြင်းဖြစ်သည်။

ဥပုသ်နေ့၌ သခင်ယေရှုသည် တရားဇရပ်သို့သွားရောက်သည်နည်း
တူ၊ ကျွန်ုပ်တို့သည် အဘယ်ကြောင့်ဥပုသ်နေ့၌ ဘုရားဝတ်ပြုကျောင်းသို့
သွားရန် ကျွန်ုပ်တို့အလေ့အထဖြစ်အောင် လုပ်သင့်သနည်း။

၁။ ဘုရားသခင်သည် နေရာတိုင်း၌ရှိ၏။ ဘယ်နေရာမဆို သူ့အား
ဝတ်ပြုကိုးကွယ်နိုင်သည်။ သို့သော်၊ ဖန်ဆင်းခြင်းအချိန်၌
သူရွေးချယ်သောနေ့၊ သူ၏ပညတ်တော်ဆယ်ပါး၌ပါသော
နေ့၌၊ တစ်နေရာတွင် အတူတကွစုရုံးခြင်းသည် ထူးခြားသည့်
အရာဖြစ်သည်။

၂။ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ကယ်တင်
ရှင်ဖြစ်သည်ကို အများရှေ့တွင်ထောက်ခံရန် အခွင့်အရေး
ပေးသည်။

၃။ မိတ်သဟာယဖွဲ့ခြင်း၊ တစ်ဦးနှင့်တစ်ဦးဝမ်းမြောက်ခြင်း၊ ပူပင်
ခြင်းတို့ကို ဝေငှရန်အခွင့်အရေးပေးသည်။

ကျွန်ုပ်တို့ကို ပညတ်တရားဝါဒီများဟု ခေါ်ဆိုသူများရှိသည်။ အခြား
သောသူတို့သည် ဥပုသ်ကိုစောင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပညတ်တရား၏
ကျေးကျွန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သူတို့သည် ဥပုသ်၏
ကောင်းချီးမင်္ဂလာကို ရှင်းလင်းစွာဆုံးရှုံးခဲ့ကြသည်။ ဥပုသ်စောင့်ခြင်းဖြင့်
သင်သည် ငြိမ်သက်ခြင်းနှင့် လွတ်လပ်မှုတို့ကို ဘယ်ကဲ့သို့သောနည်းဖြင့်
တွေ့ကြုံခံစားရသနည်း။

တနင်္လာ ဧပြီ ၂၇
ဥပုသ်နေ့။ ၎င်း၏သတင်းစကားနှင့်အနက်အဓိပ္ပါယ် (လုကာ ၄း၁၇-၁၉)။


ဘုရားရှိခိုးကျောင်းသို့သွားရောက်ဝတ်ပြုခြင်းဖြင့် ဥပုသ်နေ့ကို
စောင့်ရန်ဖြစ်သည်။ ဥပုသ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနာ
ရန်အတွက်လည်းဖြစ်သည်။ နှုတ်ကပတ်တော်ကင်းမဲ့သော အသက်တာသည်
အပြစ်၏ထောင်ချောက်နှင့်သိပ်မဝေး။ "ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်
အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ" (ဆာလံ ၁၁၉း၁၁)။
(လုကာ ၄း၁၇-၁၉) ကိုဖတ်ပါ။ ယနေ့ ကျွန်ုပ်တို့ပြန်ကြည့်သော
သူသည် ဘယ်သူဖြစ်ကြောင်း ကျွန်ုပ်တို့အတွက် ဘာကိုပြုလုပ်ခဲ့ကြောင်း
ကိုသိ၏။ ဤကဲ့သို့ဆိုပြီးနောက်၊ လုကာ ၄း၁၇-၁၉ ၌ စကားများကို
ဘယ်ကဲ့သို့နားလည်နိုင်မည်နည်း။

(ဟေရှာယ ၆၁း၁၊၂) ကိုဖတ်ပြီးနောက်၊ သခင်ယေရှု ဤကဲ့သို့
ဆို၏။ "ယနေ့ပင် ဤကျမ်းချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံ
လေပြီဟု မိန့်တော်မူ၏" (လုက ၄း၂၁)။ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏
နိုင်ငံတော်နှင့် ၎င်းတို့၏ကယ်တင်ရှင်ကို ဒါဝိဒ်၏ပလ္လင်ပေါ်သို့ စစ်အောင်
ဘုရင်ကဲ့သို့ အနာဂတ်အချိန်၌သာလာရောက်ရန် မျှော်မှန်းထားကြသည်။
သို့သော် သခင်ယေရှုပြောသည်မှာ နိုင်ငံတော်သည် သူ၌တည်ပြီးဖြစ်၍
သူသည် မာရ်နတ်နှင့်အပြစ်၏တန်ခိုးကိုသော်လည်းကောင်း၊ ချေမှုန်းပစ်မည်
ဖြစ်ပြီး စာတန်၏ကျေးကျွန်တို့ကိုလည်း လွတ်ငြိမ်းပေးမည်ဖြစ်၏။

သခင်ယေရှုသည် မေရှိယဖြစ်ကြောင်းခံယူခြင်းသည် ဥပုသ်နေ့နှင့်
မည်မျှနီးကပ်စွာချည်နှောင်ထားသည်ကို စဉ်းစားပါ။ ဥပုသ်နေ့သည် ခရစ်တော်
၌ငြိမ်ဝပ်စွာနေသောနေ့ဖြစ်သည်။ (ဟေဗြဲ ၄း၁-၄)။ ဥပုသ်သည် လွတ်လပ်မှု
၏သင်္ကေတဖြစ်သည်။ ခရစ်တော်၌လွတ်လပ်ခြင်းဖြစ်သည်။ (ရောမ ၆း၆၊၇)။
ဥပုသ်သည် ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့် ခရစ်တော်၌ပြန်လည်ဖန်ဆင်း
ခြင်းကိုလည်းပြသည်။ (၂ကော ၅း၁၇။ ၁ကော ၁၅း၅၁-၅၃)။ ခရစ်တော်
သည် ကုသခြင်းနှင့်ဖျားနာခြင်း၏အကျဉ်းထောင်ထဲမှရှိသော ဝေဒနာရှင်
တို့ကိုလွှတ်ရန် ဥပုသ်နေ့ကိုရွေးချယ်သည်မှာ ထူးဆန်းမည်မဟုတ်ပါ။

ဥပုသ်နေ့ကိုထွင်းထားသည့်အရာသည် ကျောက်(အချိန်)ထက်သာ၍
ကြာရှည်ခံ၏။ ဥပုသ်နေ့သည် သခင်ယေရှုကျွန်ုပ်တို့ကို အပတ်စဉ်ကျင်နာစွာ
ပေးသနားတော်မူခြင်းကို သတိရစေရန်အတွက်ဖြစ်သည်။

ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းရရှိသည်ကို ပိုမိုနားလည်ရန်
ဥပုသ်စောင့်ခြင်းသည် ဘယ်ကဲ့သို့ကူညီသနည်း။ ကောင်းကင်သို့ မိမိကိုယ်
ကြိုးစားပြီးရယူမည့်အစား ခရစ်တော်ကျွန်ုပ်တို့အတွက် ပေးသောအရာများအပေါ်
နားနေရန်လည်း ဘယ်ကဲ့သို့ကူညီနိုင်မည်နည်း။

အင်္ဂါ ဧပြီ ၂၈
ဥပုသ်နေ့ကပေရနောင်မြို့၌ကုသခြင်
း (လုကာ ၄း၃၁-၃၇)။

နာဇရက်မြို့၌ လူတို့သည် ခရစ်တော်ကိုလက်မခံကြ။ ထိုကြောင့်
သူသည် ကပေရနောင်မြို့သို့ပြန်သွားသည်။ ထိုနေရာ၌ သူအမှုတော်
ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ (မဿဲ ၄း၁၃)။ ဤအရေးပါသည့်မြို့သည်
ဂါလိလဲပြည်၌ ခရစ်တော်အမှုတော်ကိုထမ်းဆောင်ရာ၌၊ ၎င်း၏ "အိမ်"
ဖြစ်လာသည်။ ဤမြို့၌ ရောမအရာရှိတစ်ဦးဆောက်လုပ်ထားသည့် တရား
ဇရပ်တစ်ခုရှိသည်။ (လုကာ ၇း၅)။ ထုံးစံရှိသည်အတိုင်း ဥပုသ်နေ့၌၊
သခင်ယေရှုသည် တရားဇရပ်ထဲသို့သွား၏။

ဤတစ်ခုသောဥပုသ်၌၊ သခင်ယေရှု၏အမှုတော်ဆောင်ခြင်းအရာ
သည် သွန်သင်ခြင်း၊ ကုသခြင်း၊ ဟောပြောခြင်း စသည်တို့ပါဝင်သည်။
သူဟောပြောသည့်အကြောင်းကို မဖော်ပြပါ။ သို့သော် လူထုပရိသတ်တို့၏
တုံ့ပြန်မှုသည် အံ့ဩဖွယ်ရာဖြစ်၏။ သူသည် "အာဏာနှင့်ဟောပြော"
၏။ (လုကာ ၄း၃၂)။ သခင်ယေရှု၏သွန်သင်ချက်များသည် ဘာသာရေး
ခေါင်းဆောင်များနှင့် အလွန်ခြားနားသည်။ ဤနေရာ၌ သမ္မာကျမ်းတွင်
အခြေခံပြီး အာဏာဖြင့်ဟောကြားသည်။ သူသည် သန့်ရှင်းသောဝိညာဉ်
တော်၏တန်ခိုးဖြင့်ဟောပြောရာ အပြစ်ကိုအပြစ်ဟု အမည်မှန်ဖြင့်ခေါ်ပြီး
ဘုရားရှင်ထံပြန်လာရန်၊ နောင်တရရန်လည်း တိုက်တွန်းအားပေးသည်။

(လုကာ ၄း၃၁-၃၇) ကိုဖတ်ပါ။ ဤကျမ်းပိုဒ်များ၌ (၁) အမှား
အမှန်အငြင်းပွားမှုတိုက်ပွဲ၊ (၂) နတ်ဆိုး၊ (၃) ဥပုသ်နေ့၏ရည်ရွယ်ချက်
နှင့် (၄) နတ်ဆိုးများအပေါ် ဘုရားသခင်၏တန်ခိုးအကြောင်းတို့ကို
ဘယ်ကဲ့သို့ဖော်ပြသနည်း။

(လုကာ ၄း၃၁-၄၁) တွင် ဥပုသ်နေ့၌ ပထမရောဂါကုသခြင်း
(၅) ခုကို လုကာမှတ်တမ်းတင်ထားသည်။ (လုကာ ၄း၃၈၊၃၉။ လုကာ
၆း၆-၁၁။ လုကာ ၁၃း၁၀-၁၆။ လုကာ ၁၄း၁-၆။) နာဇရက်မြို့၌ဟောပြော
စဉ်က၊ သခင်ယေရှု၏အလုပ်သည် ဝေဒနာခံစားနေရသောသူများ၊ နှလုံးသား
ကြေကွဲသောသူများတို့ကို ပြန်လည်အသစ်ပြုပြင်ခြင်း၊ ရောဂါပျောက်ကင်း
အောင်ပြုခြင်း၊ နှစ်သိမ့်ပေးခြင်း စသည်တို့ကိုပြုလုပ်ရန် ကြေညာခဲ့သည်။
ယခု ကပေရနောင်မြို့၊ ဥပုသ်နေ့၌ တရားဇရပ်တွင် ဝတ်ပြုကိုးကွယ်သူများ
နှင့်ပြည့်လျက်ရှိရာ၊ နတ်ဆိုးစွဲသောသူတစ်ဦးက ဤကဲ့သို့ဝန်ခံပြောဆိုသည်။


"ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် ဘယ်ကဲ့သို့ဆိုင်သနည်း။ ကိုယ်တော်သည်
ဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏သန့်ရှင်းတော်မူသော
သူဖြစ်ပါသည်" ဟု ကြီးစွာသောအသံနှင့် ဟစ်ကြော်လေ၏" (လုကာ
၎း၃၄)။ နတ်ဆိုးသည်၊ ကောင်းကင်မှကျလာသော ကောင်းကင်တမန်များ
အနက်မှတစ်ဦးဖြစ်ရာ၊ လူသားအသွင်ဖြင့် ကယ်တင်ရှင်ကို လျင်မြန်စွာ
ရိပ်မိသည်။ ဤပုံပြင်၌ ရူပနှင့်အရူပကမ္ဘာစပ်ကြား ကာရံထားသည့်
ကန့်လန့်ကာကို ဘေးသို့ဆွဲလိုက်ခြင်းဖြစ်သည်။

ဤနေရာ၌ အငြင်းပွားမှုတိုက်ပွဲကြီးသည် အဘယ်မျှပွင့်လင်းစွာ
မြင်ရသည်ကို စဉ်းစားပါ။ သင်၏အသက်တာ၌ ဘယ်ကဲ့သို့ဖြစ်ပျက်ခဲ့
သည်ကို သင်မြင်သနည်း။ ဤတိုက်ပွဲ၌အောင်ရန် သင်၏တစ်ခုတည်းသော
မျှော်လင့်ခြင်းကား အဘယ်နည်း။ ၁ကော ၁၅း၂ ကိုဖတ်ပါ။

ဗုဒ္ဓဟူး ဧပြီ ၂၉
ဥပုသ်နေ့ကိုအစိုးရသောသခင် (လုကာ ၆း၁-၅)။


ဥပုသ်နေ့အပေါ်အခြေပြုပြီး ဖာရိရှဲများနှင့် သခင်ယေရှုဆက်ဆံ
ဆွေးနွေးသည့်ပုံပြင် (၂) ခုကို လုကာ ၆း၁-၁၁ တွင် တွေ့ရှိနိုင်သည်။

ပထမပုံပြင်သည် လုကာ ၆း၁-၅ တွင် တွေ့နိုင်သည်။ သခင်ယေရှု
သည် ပညတ်တော်နှင့်ဥပုသ်ကိုဂရုမစိုက်ဟု ဖာရိရှဲတို့က ပြစ်တင်ဝေဖန်
သည်။ ဤအချက်ကို သခင်ယေရှုဘယ်ကဲ့သို့ရင်ဆိုင်သနည်း။

ဥပုသ်နေ့၌၊ ဂျုံစပါးလယ်ကွက်ကိုလျှောက်သွားစဉ်၊ တပည့်တော်
များသည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက်စားကြ၏။
သို့သော် ဖာရိရှဲတို့သည် တပည့်တော်တို့အား ဥပုသ်နေ့ပညတ်ကိုချိုးဖောက်
သည်ဟူ၍ ပြစ်တင်ပြောဆိုသည်။ သခင်ယေရှုသည် ဖာရိရှဲတို့အား ဒါဝိဒ်
ပုံပြင်ကို ပြန်လည်ညွှန်ပြသည်။ ဒါဝိဒ်နှင့်သူ၏လူတို့သည် အစာငတ်မွတ်
သော်၊ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ရှေ့တော်မုန့်ကိုစားကြ၏။ ရှေ့တော်
မုန့်ကို ပုရောဟိတ်တို့သာလျှင်စားရ၏။ ဤပုံပြင်ကို သူတို့အားသတိရစေ
ရန် သခင်ယေရှုသည် လူဖြင့်ပြုလုပ်သောပညတ်ကို မှားယွင်းစွာနားလည်
ခြင်းမရှိရန် ဖာရိရှဲတို့အား ကြိုးစားကူညီနေခြင်းဖြစ်သည်။ ဖာရိရှဲတို့သည်
စည်းမျဉ်းတစ်ခုပြီးတစ်ခု ထပ်ခါပြုလုပ်ကြ၏။ သူတို့သည် ဥပုသ်နေ့ကို
ဝမ်းမြောက်ဖွယ်ရာနေ့ဖြစ်မည့်အစား ဝန်ထုပ်ဝန်ပိုးအဖြစ်သို့ ပြောင်းလဲလိုက်
သည်။

ဒုတိယပုံပြင်ကို လုကာ ၆း၆-၁၁ တွင်ဖတ်ပါ။ ဤနေရာ၌ ဥပုသ်နေ့
အကြောင်း ဘယ်ကဲ့သို့သင်ခန်းစာရသနည်း။

မဿဲ၊ မာကု၊ လုကာ ခရစ်ဝင်ကျမ်းများက ဤပုံပြင်ကိုပြောသည်။
လုကာခရစ်ဝင်ကျမ်းတစ်ခုထဲ၌သာလျှင် လက်သေသောသူ၏လက်သည်
လက်ယာလက်ဖြစ်သည်ကို ဖော်ပြသည်။ ဤလူသည် နေ့စဉ်လုပ်ဆောင်
ရမည့် သာမန်အလုပ်များကို ခန္ဓာကိုယ်၏အခြေအနေကြောင့် ခက်ခဲစွာ
ဆောင်ရွက်ရမည်ကို သမားတော်လုကာသိသည်။ ကျွန်ုပ်တို့သိရှိရန်
အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရ၏။ ဤအခြင်းအရာသည် အကြောင်း
(၂) ရပ်ကို ဖြစ်ပေါ်စေသည်။ (၁) သခင်ယေရှုသည် ထိုလူ၏ရောဂါကို
ငြိမ်းရန် ရွေးချယ်သည့်အခါ၊ ဖာရိရှဲတို့သည် သခင်ယေရှုကိုအပြစ်တင်ရန်
စောင့်ဆိုင်းနေသည်။ (၂) သခင်ယေရှုသည် သူတို့၏နှလုံးသား၏အကြံအစည်
ကိုသိပြီး သူသည် ဥပုသ်နေ့၏သခင်ဖြစ်သည်ကိုပြသည်။ သူသည် ဥပုသ်
နေ့ကို ဖန်ဆင်းသောသူဖြစ်သဖြင့်၊ ကျိုးပဲ့သောသူကို အပြစ်နှင့်ပြည့်လျက်
ရှိသော ဤလောက၏ကျေးကျွန်အဖြစ်မှကယ်တင်ရန် သူ၏အလုပ်ကို
ဘယ်သောအခါမျှ အရှုံးခံမည်မဟုတ်။ ထိုကြောင့် သခင်ယေရှုသည် ဥပုသ်
စောင့်ခြင်းအရာကို နေရာမှန်၌ထားလိုက်သည်။ ဥပုသ်နေ့၌ အသက်ကို
ကယ်သော ကောင်းသည့်အလုပ်ကိုလုပ်ခြင်းသည် တရားဝင်၏။ (လုကာ
၆း၉-၁၁)။

ဤဘာသာရေးခေါင်းဆောင်များသည် ၎င်းတို့၏စည်းမျဉ်းများကို
ဘုရားသခင်၏ဥပဒေသများဟုထင်ကာ၊ အဘယ်မျှမျက်စိကန်းနေသည်ကို
စဉ်းစားပါ။ လူတို့၏ရိုးရာထုံးတမ်းဓလေ့များနှင့် သွန်သင်ချက်များသည်
ဘုရားရှင်၏နက်နဲသော ဖြောင့်မတ်ခြင်းတရားများကို မဖုံးကွယ်စေရန်နှင့်
ဤထောင်ချောက်ထဲသို့ မကျရောက်ရန် ဘယ်ကဲ့သို့သေချာအောင်လုပ်
မည်နည်း။

ကြာသပတေး ဧပြီ ၃၀
ဥပုသ်နေ့။ ဖျားနာသူများနှင့် မြင်း၊ နွား (လုကာ ၁၃း၁၀-၁၆)။


မဿဲ၊ မာကု၊ လုကာခရစ်ဝင်ကျမ်းများအနက်၊ ရှင်လုကာခရစ်ဝင်
ကျမ်းတစ်ခုတည်းသာလျှင် ဥပုသ်နေ့တွင် သခင်ယေရှုအနာရောဂါငြိမ်းခြင်း
အကြောင်းကို ဖော်ပြသည်။ (လုကာ ၁၃း၁၀-၁၆။ လုကာ ၁၄း၁-၅)။
ပထမအကြိမ်၌ တရားဇရပ်မှူးသည် သခင်ယေရှုကို ပြစ်တင်ဝေဖန်သည်။
ဒုတိယအကြိမ်၌ ဖာရိရှဲများငြိမ်သက်သွားသည်။ နှစ်ကြိမ်စလုံး၌ပင်၊
သခင်ယေရှု၏ရန်သူများသည် ဥပုသ်နေ့ကိုချိုးဖဲ့ကြောင်း ပညတ်တရားကို
မှားယွင်းစွာအနက်ပြန်ပြီး ပြစ်တင်ဝေဖန်ခဲ့သည်။

(လုကာ ၁၃း၁၀-၁၆ နှင့် လုကာ ၁၄း၁-၁၆) ကိုဖတ်ပါ။
သမ္မာကျမ်း၌ အရေးပါသောဖြောင့်မတ်ခြင်းတရားများကို အဘယ်မျှလိမ်လည်
လှည့်ဖြားရန် လွယ်ကူကြောင်းပြသနည်း။

တစ်ဆယ့်ရှစ်နှစ်တိုင် နတ်ဆိုးစွဲ၍ ရောဂါနှိပ်စက်သောမိန်းမကို
စဉ်းစားကြည့်ပါ။ သခင်ယေရှုသက်တော်ထင်ရှားစဉ် အချိန်ကာလ၌ ဖာရိရှဲ
တို့သည် မိန်းမများကိုချိုးနှိမ်ကာ၊ ဒုတိယအဆင့်နိုင်ငံသားများအဖြစ်သာ
ခံယူသည်။ ထိုမိန်းမသည် ရောဂါဝေဒနာကို ကြာမြင့်စွာခံစားရပြီဖြစ်ရာ၊
မည်သူမဆို သည်းခံခြင်းစိတ်စစ်ဆေးခံရခြင်းထက် ကျော်လွန်မည်ဖြစ်ပြီး
မျှော်လင့်ခြင်းကင်းသည့်အသက်တာဟုသာ ထင်မည်ဖြစ်၏။ နောက်ဆုံး၌
သူသည် မိမိကိုယ်ကို လုံးဝလွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါ။

သူ့ထံသို့သခင်ယေရှုလာ၏။ သခင်ယေရှုသည် ထိုမိန်းမကိုမြင်တော်
မူလျှင်၊ အထံတော်သို့ခေါ်၍ ရောဂါငြိမ်းစေခြင်းငှာစကားပြောပြီး လက်ကို
တင်သဖြင့် "သူသည်ချက်ချင်းတည့်မတ်ခြင်းသို့ရောက်၏" (လုကာ ၁၃း၁၃)။
တစ်ဆယ်ရှစ်နှစ်တာကာလ ရောဂါဝေဒနာခံစားခြင်းမှသည်၊ တစ်မုဟုတ်ချင်း
ပျောက်ကင်းသွားသဖြင့် အလွန်ဝမ်းမြောက်သည့်အချိန်သို့ရောက်ရှိပြီး
"ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏" (ငယ် ၁၃)။ ရှင်လုကာ
အသုံးပြုသည့်ကြိယာတိုင်းသည် ထိုမိန်းမ၏တန်ဖိုးကို သန့်ရှင်းသောဝိညာဉ်
တော်က အသိအမှတ်ပြုသည့်နည်းဖြစ်သည်။ အမှန်ပင် အခြေအနေဘယ်ကဲ့သို့
ရှိသည်ဖြစ်စေ၊ လူသူအထင်အမြင်သေးသောသူတိုင်း၏တန်ဖိုးပင်ဖြစ်၏။

ဒုတိယနိမိတ်လက္ခဏာ၌ (လုကာ ၁၄း၁-၆)၊ ဥပုသ်နေ့တွင် သခင်
ယေရှုသည် ဖာရိရှဲအိမ်တွင် ထမင်းစားရန်ရှိနေစဉ်ဖြစ်သည်။ ရေဖျဉ်းနာ
စွဲနေသောသူကို ရောဂါငြိမ်းစေခဲ့သည်။ ဘာသာရေးခေါင်းဆောင်များ
ချောင်းကြည့်နေသည်ကို သခင်ယေရှုသိသည်။ သူမေးခွန်း (၂) ခုမေးသည်။
(၁) ပညတ်တရား၏ရည်ရွယ်ချက် (ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေအပ်
သလော။) (ငယ် ၃)၊ (၂) လူသားတစ်ဦး၏တန်ဖိုး (မိမိမြည်း၊ နွားသည်
ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲနေမည့်သူတစ်စုံ
တစ်ယောက်ရှိမည်လား) (ငယ်၅)။ သခင်ယေရှုညွှန်ပြသည့်အချက်မှာ
ရှင်းမည်ဖြစ်၏။ ၎င်းတို့အားလုံး နားလည်မည်ဟု ထင်ရသည်။ အဘယ်
ကြောင့်ဆိုသော်၊ လုကာ၏ပြောဆိုချက်အရ၊ သူတို့သည် တစ်ဦးတစ်ယောက်
မျှ ဖြေကြားခြင်းမရှိ။ ၎င်းတို့၏နှစ်ဘက်လှမျက်နှာများသည် ဘယ်ကဲ့သို့
ဖြစ်သည်ကို သခင်ယေရှုပြလိုက်ခြင်းဖြစ်သည်။ အဆိုးဝါးဆုံးဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် သန့်ရှင်းခြင်း၏ဖုံးကွယ်မှုအောက်မှ ဘုရားသခင်၏
ပညတ်ကိုချိုးဖောက်သည်ဟု ၎င်းတို့ထင်ခြင်းကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့အဘယ်မျှသတိရှိရန်လိုအပ်ပါသနည်း။


သောကြာ မေ ၁
ထပ်ဆင့်လေ့လာရန်။


"ဥပုသ်နေ့၌ လူတို့ကိုကောင်းချီးပေးရန်၊ ဘုရားသခင်သည် မိမိ၏
လက်တော်ကို အချိန်အနည်းငယ်မျှပင်မဆွဲထား၊ ထိုသို့ဖြစ်သောလူတို့သည်
အားချို့တဲ့ပြီး သေကုန်မည်ဖြစ်၏။ လူသည်လည်း ထိုနေ့ (ဥပုသ်နေ့)၌
အလုပ်လုပ်ရန်ရှိသည်။ အသက်ရှင်ရေးအတွက် လိုအပ်သည်တို့ကို လုပ်ဆောင်
ရမည်ဖြစ်၏။ ဖျားနာသောသူတို့ကို ပြုစုရမည်ဖြစ်၏။ ဆင်းရဲသောသူတို့၏
လိုအပ်ချက်များကိုလည်း ကြည့်ရှုပေးရမည်ဖြစ်၏။ ဥပုသ်နေ့၌ ဝေဒနာကို
ပေါ့ပါးအောင်လုပ်ဆောင်ရန် ပျက်ကွက်သောသူသည် အပြစ်ရှိမည်ဖြစ်၏။
ဘုရားရှင်၏သန့်ရှင်းစွာနားသောနေ့သည် လူအတွက်ဖြစ်သည်။ ဥပုသ်နေ့
သို့တည်းမဟုတ် မည်သည့်နေ့မဆို လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ တစ်နာရီမျှ
ဝေဒနာခံစားရန် ဘုရားသခင်အလိုမရှိ။" E. G. White, DA, p. 207 မှ
ကောက်နုတ်သည်။

"ဥပုသ်နေ့သည် ဂျူးလူမျိုးတို့နှင့် အနီးအနားရှိလူမျိုးတို့ လုံးဝ
ခြားနားရန် တစ်ခုတည်းသောသွန်သင်ချက်ဖြစ်သည်။ ဂျူးလူမျိုးတို့ကို
သူ၏ထူးခြားသော ဝတ်ပြုကိုးကွယ်သူများဖြစ်ရန် ဥပုသ်စောင့်ခြင်းကို
ဘုရားသခင်ရွေးချယ်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ အခြားဘုရားများကိုကိုးကွယ်
ခြင်းနှင့် မှန်ကန်သောဘုရားကို ကိုးကွယ်ခြင်းကို ခွဲခြားသည့်ပုံပမာဖြစ်
သည်။ ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းရန်အတွက် လူတို့သည်လည်း
သန့်ရှင်းရမည်ဖြစ်၏။ ယုံကြည်ခြင်းအားဖြင့် ၎င်းတို့၏အတွေးအခေါ်ပြုမူ
ခံစားချက်အားလုံးတို့သည် ခရစ်တော်နှင့်တူရမည်ဖြစ်၏။" 
E. G. White, DA, p. 283 မှ ကောက်နုတ်သည်။
-၀-


No comments:

Post a Comment